ဆိုက်ဂျဲ ရိုး ၊ ဟန်းဒ် ဖုံး နှင့် ၉၆၉၃ ဟူသော ခေါင်းစဉ် ဖြင့်၊ မြန်မာပြည်ပြန် အတွေ့ အကြုံ လေးတစ်ခု တင်ပြ ရေးသားလိုစိတ်လေးပေါ် လာမိသည်။
ဆိုက်ဂျဲရိုး ဆိုသည့် ဝေါဟာရ မှာ ကျွန်မတို့ မိသားစု အတွင်း လွန်ခဲ့သော နှစ်၂၀ ခန့်  က မွေးဖွားခဲ့သည့် ဝေါဟာရ တစ်ခုဖြစ်ကြောင်း ဦးစွာ ပဏာမ စကားချွေလိုပါသည်။ ယင်း ဝေါဟာရ ပေါ် ပေါက်ခဲ့သည့် အကြောင်းမှာ ရိုးစင်းပါသည်။ ကျွန်မ၏ ရင်သွေး လေးများငယ်စဉ်ကာလ နယ်မှ ကလေးထိန်း တစ်ဦးငှား ခဲ့သည်။ သူမသည် ပါ ဂျဲရိုး ကား မမြင်ဘူး၍ တအံ့တသြ ရှိ ပြီး စူးစမ်းမှတ်သားနေစဉ်၊ ရပ်ကွက်ထဲမှ ဆိုက်ကားတစ်စီး ဖြင့် ဈေးဝယ်ပြန်ခဲ့သော သူတစ်ဦး ကို တွေ့ သဖြင့် ဆိုက်ကား ကို မေးပြန်ရာ အစ်မဖြစ်သူက နောက်ပြောင်ချင်သဖြင့် ဆိုက်ဂျဲရိုး ဟု ဖြေ လိုက်ရာမှ မိသားစု ဝေါဟာရဖြစ်ခဲ့ပါသည်။
လွန်ခဲ့သောနှစ်၂၀ ခန့် က ဆိုက်ဂျဲရိုး လေးများသည် ဈေးသွားဈေးပြန် အသုံးဝင် အကျိုး ပြု ခဲ့သည်။
ဟန်းဒ်ဖုံး ဆိုသည်မှာ - မြန်မာ ငါးပိသံဖြင့် နောက်ပြောင်ခေါ် သော မိုဘိုင်း ဖုံး ဖြစ်ပါကြောင်း။
လွန်ခဲ့သော ဆယ်စုနှစ် နှစ်စု ခန့် က မြန်မာ နိုင်ငံတွင် မိုဘိုင်း ဖုံး များ ကို လူတိုင်း မကိုင်နိုင်ကြသေးပါ။ ထို့ကြောင့် ဖုံးကိုင်နိုင်သူ များ ကလည်း ဖုံး ကို စိန်ရွှေ ၀တ်ကြွား သလို မျိုး ၊ ကြွားကိုင်သူများရှိ သကဲ့သို့ 
လူရှေ့ သူ ရှေ့  ဖုံး ကိုင်ပြောရမည် ကို ရှက်သလို ဖြစ်သောသူများလည်းရှိခဲ့သည် ကို အမှတ်ရမိသည်။
ဖုံး မှ ဖြေကြားသော " လူကြီးမင်းခေါ်ဆိုသော လိုင်းမအားသေးပါသဖြင့် နောက်မှပြန်လည်ခေါ်ဆိုပေးပါ"
ဆိုသည် ကို တလေးတစားနှင့် " အေး ။နောက် ၁၀ မိနစ်မှ ပြန်ခေါ်မယ် " ဟု ဖြေကြားခဲ့ကြသည့် ရယ်မောဖွယ်ရာ တကယ့် ဖြစ်ရပ်များ နှင့် ကျွန်မတို့ ဘ၀။
၉၆ ၉၃ ဆိုသည် မှာ နှစ်လုံးထီ နံပါတ်များမဟုတ်ပါ။ လွန်ခဲ့သောနှစ် ၂၀ ခန့် က ဥပုသ်စာဖြေ ကျောင်း မှ ကျောင်းသားလေး တစ်ဦး ပြောခဲ့သော စကား စု လေးဖြစ်ပါသည်။ ကျောင်းပိတ်ရက်တ ရက် တွင်၊ ထိုကျောင်းသား လေး ကို ကျွန်မတို့ နေသော ရပ်ကွက်ထဲမှလမ်း ပေါ်မှာ တွေ့ ၍ ၊ကျွန်မတို့ ကား နှင့်ခေါ် လာရာ သူ က " ဆရာမတို့ ကားနံပါတ်က ၉၇ ၉၃ နော်။ ကျွန်တော် တို့ ကား က ၉၆ ၉၃ " ဟုဆို ရာ၊ ကျွန်မက "တပည့် လေး တို့ ကားဝယ်ပြီလား " ဟု ပြန်မေးရာ သူက မ၀ယ်ပါဘူး ။ " ၉၆ ၉၃ " ဆိုတာ "ကိုယ့် ခြေထောက်ကိုယ်သုံး ပြီးသွားတာပါ"ဟု ဖြေသွားသည့် ပျော်ရွှင်ဖွယ်ကလေးဘ၀တွင် ပြောခဲ့သော တပည့်ကလေး၏ အမှတ်တရစကားစုလေးပါ။
ကျွန်မ၏ ခေါင်းစဉ် မှ စကားလုံး များ ကို ရှင်းပြပြီး နောက်၊ ထိုစကားလုံး လေးများ ကို အမှတ်ရစေသည့် အကြောင်းတင်ပြလိုပါသည်။
လွန်ခဲ့သော ၃ လခန့် က ကျွန်မသည် ခင်ပွန်းသည်တာဝန်ကျရာ ကနေဒါ နိုင်ငံ မှ နေ၍ မြန်မာပြည်သို့  ပြန်သွားခဲ့ပါသည်။ ၀မ်းသာစရာများထဲ မှ ကျွန်မ အတွက်သက်တောင့်သက်သာ ဖြစ်စေမည့် အရာတစ်ခု မှာ ကျွန်မတို့ နေအိမ် လမ်း ထိပ် မှာ ကျွန်မစုသော ငွေစုဘဏ်လာဖွင့်ထားခြင်းပင်ဖြစ်ပေသည်။ ဝေး ဝေးသွားရန် မလိုတော့ပါ။ တနေ့  သော နေ့ လည် တွင်၊ နေပူသဖြင့် မဝေးသော်လည်း ကား နှင့် သွားရန်စိတ်ကူးဖြင့် ကားလေးမောင်းထွက်ခဲ့သည်။ သို့ သော်လမ်းထိပ် အ ရောက် လမ်းမကြီး ပေါ် မှာ ကားများ လမ်းပိတ်ထား သဖြင့်ထွက် မရဘဲ ၁၅ မိနစ် ကျော်ကြာနေသည်။ ဤ တွင် အိမ်ကိုကားပြန်ထားပြီး၊ ခြေလျှင်သွားခဲ့ လိုက်သည်။
တပည့် လေး၏ ၉၆ ၉၃ ကား လေး (ကိုယ့်ခြေထောက်ကိုယ်သုံး )ကို သုံးလိုက် သည့် အခါ အဆင်ပြေသွားသဖြင့် တပည့်လေးကို သတိရ မိသေးသည်။ သူကတော့ " တောင်ဇလပ်ပန်း" သီချင်းစာသားထဲကလို မြေဆီလွှာမရှိလည်းမမှူ နေခြည်ဖြန်း၍ လန်းဆမ်းသည့် တောင်ဇလပ် ပန်း လေး များ ထဲ မှ ပန်း ဖြူ လေးတစ်ပွင့် ပါ။ သူ့ အမည်မှာ ဒီဂိုမန်း ဖြစ် ပါသည်။
တခေတ်တခါ က ပါ ဂျဲရိုး နှင့် hand phone သည် လူတန်းစား တရပ် ဖြစ်ခဲ့ ပြီး၊ လူထု အကျိုး ပြု သူ ရှိသလို လူထု နှင့် ကင်းကွာသူလည်း ရှိခဲ့ပါသည်။ ယ နေ့  ဆိုက်ဂျဲရိုးနှင့် ဟန်းဒ်ဖုံး က တော့ လူထုအတွက် ၀မ်းသာစရာ ပါ။ နှစ် ၂၀ ခန့်  က ဆိုက်ကားစီးလိုသူ များ သည် ဈေး နှင့် လမ်းဆုံ များ တွင် သာ ငှား ရမ်း နိုင်ခဲ့သည်။ ယနေ့  ခေတ်မှာ သူတို့ လည်း ဟန်းဒ်ဖုံး ကိုယ်စီ နှင့် သူတို့ နံပါတ် လေးများ နှိပ် ရုံဖြင့် အိမ်တိုင်ရာ ရောက် လာခေါ် ပေးပါသည်။ ဖုံး နှိပ်ရုံဖြင့် စားချင်တာလေးတွေဝယ်ခဲ့ ပေးသည့် အတွက် အသက်ကြီးသူ များကို အထူးအကျိုးပြု နေကြသည်။ ကုသိုလ်လည်းရ ၀မ်းလည်းဝ သည့် ဘ၀ တစ်ခုကို ပိုင်ဆိုင်နေပေသည်။
ပြည်တော်ပြန် သည့် ရက်ပေါင်း ၉၀ မပြည့်တပြည့် ထဲမှ ရက်တရက် တွင် ကျွန်မသည် ဈေးသွားရန် လမ်း ထိပ်ထွက်ခဲ့သည်။
ဆိုက်ကားတစ်စီးတွေ့ ၍ လှမ်းတားရာ သူသွားမည့် လမ်းနှင့် တခြားစီဖြစ်နေသည်။ ထိုဆိုက်ကားသမားသည် လစ်လျှူ မရှူ ဘဲ၊ လမ်းတဘက်ရှိ စည်ပင် ရုံးထဲသို့  ၀င်သွားပြီး တခြားဆိုက်ကားတစ်စီး ခေါ်ပေးသွားသည်။ ကျွန်မလည်း ထိုဆိုက်ကား ဖြင့်ဈေးသို့ သွားခဲ့သည်။ နောက် ရက်တွေ ဈေးသွားလိုပါက အဆင်ပြေရန် ဆိုက်ကားသမား၏ ဟန်းဒ်ဖုံး ကိုမေးရာ သူ့ နံပါတ်ကို ပေးပါသည်။ သို့သော် နံက် ၇ နာရီခွဲ မတိုင်မီ ခေါ်ပါ ဟုဆိုသည်။ အ ကြောင်းမှာ ကလေးလေးတွေ ကျောင်းပို့ ရန် လပေးငှား ထားကြောင်းသိခဲ့ ရသည်။ ထိုအခါ သတိထားကြည့်မိရာ ထိုရပ်ကွက်လေး တွင် ကျောင်းသားကျောင်းသူများ ဆိုက်ဂျဲရိုး ဖယ်ရီ လေး များဖြင့် ကျောင်းသွားနေ သည် ကို သတိပြု ခဲ့မိသည်။
ကျွန်မလည်း ဈေးဝယ် ပြီး ပြန်ထွက်လာ တော့ နောက်ထပ် ဆိုက်ကား တစ်စီးပေါ့။ မိုးရနံ့  နှင့် မြန်မာ့နံနက်ခင်း လေပြေလေးကို ရှူ ရင်း ကြည်နူး နေစဉ် သီချင်းသံ တပုဒ် နားထဲသို့ ပျံ့ လွင့်ဝင် ရောက်လာပါတော့သည်။ အသံချဲ့ စက်နှင့် တရပ်ကွက်လုံးကြားအောင် သီချင်း ကျယ်ကျယ် ဖွင့်တာ ကို မကြိုက်သော ကျွန်မ။ ဒီ တကြိမ်မှာ လေပြေညှင်း ကြောင့်စိတ်လန်း၍ လား၊ သီချင်းစာသား က နံနက်ခင်း တက် နေ၀န်း နှင့် အပြိုင် အားမာန်ပြည့်နေ၍ လား မခွဲခြားနိုင် သော် လည်း ဤ အသံချဲ့ စက်မှ သီချင်းသံကို လက်ခံမိသည်။ သီချင်းအမည် မသိသော်လည်း ကျွန်မတို့ ခေတ် သီချင်းတပုဒ် နှင့် နှိုင်းယှဉ် ပြရ လျှင် "လုလင်ငယ်သွေး" သီချင်းမျိုး ဟု ဆိုနိုင်ပါသည်။ ဈေးနှင့် အလှမ်းဝေး လာသည့် အခါ ထိုသီချင်းသံ လေး လေထဲ မှာ ပျောက်သွားမှာ ကို စိုးရိမ်မိသည်။ ဤ မျှ အားမာန်ပြည့်ပြီးခွန်အားသစ် ဖြစ်စေ သည့် သီချင်းလေး တပုဒ်ပါ။ အသံချဲ့ စက် မှ သီချင်း လွှင့် တာ မကြိုက်သော ကျွန်မ သည် တစ်ဘီးချင်းလိမ့်နေသော ဆိုက်ဂျဲရိုးကို စီးနင်းရင်း ဈေးနှင့် ဝေး ဝေး လာခဲ့ပါသည်။ သီချင်း ကို အာရုံစိုက် နေသဖြင့် ဈေးနှင့် အလွန့်  အလွန်ဝေးသွားသည် ကို သတိမမူမိခဲ့ပါ။
လမ်း ပေါ် က ကားအရှိန်ကို ထိန်းပေးသော အနှေး (slow )တုံး ကိုဆိုက်ဂျဲရိုး လေး နင်းလိုက်သည့် အချိန် ကျ မှ ကျွန်မ ၏ အာရုံသည် လမ်းပေါ် ပြန်ရောက်သွားတော့သည်။ အိမ်နား က လမ်းသွယ်ပေါ် သို့  ရောက်နေပြီ ကော။
သီချင်းသံက ပျောက်မသွားသည့် အပြင်တိုး၍ မသွားပါလား။ ဒါဆို ဈေးနား က မဟုတ် လောက်ပေ။
ဤ တွင် ဆိုက်ကားသမား လေး ကို မေးကြည့်မိသည် ။ " တူ မောင် ၊ ကြီြးဲကီး ဒီသီချင်း ကို ကြားပြီး သဘောကျလို့  ဈေး နား မှာထဲက နားထောင်နေတာ။ ကြီးကြီး က နား နဲနဲ လေး တော့ သီချင်း ဘယ်ကလာ လဲ မမှန်းနိုင်ဘူး၊ ဈေးနား က တော့ မဟုတ်လောက်ဘူး ၊ သီချင်းသံက တိုးမသွားဘူး၊ ဒီလမ်းထဲက ဓမ္မာရုံ က လွင့်တာ လား။" ဟု မေးမိသည်။ ထိုဆိုက်ဂျဲရိုး ဒရိုက်ဘာ ဖြေလိုက်သည် ကတော့ " ကျွန်တော်လည်း ဒီသီချင်းကို ကြိုက်တယ်။ လူငယ်တွေ ကို စိတ်ဓါတ် မြှင့်တင်ပေးတယ်။ သီချင်းကို နံနက်ခင်းမှာ နားထောင်တယ်။ သီချင်း က ကြီးကြီး ထိုင်ခုံ အောက်မှာ ဘက်ထရီ တားပြီး ဖွင့် ထားတာပါ။ "
အော် ဒါကြောင့်ကို၊ အသံ ပျောက်မသွားပါဘူးလို့ ထင်နေတာ။ " စံရှား၊ ဒိန်း ဒေါင်" ရုပ်ရှင်ဇာတ် ကား ကို ကိုယ်တိုင်ပါဝင်ရိုက်လိုက် မိ ပြီ လေ။ "မှားတဲ့ အခါလည်း မှား ပေ မပေါ့ ။"
တက္ကစီ ဒရိုက်ဘာ တွေ က ကားကက်ဆက် နှင့်၊ ဆိုက်ဂျဲရိုးဒရိုက်ဘာ တချို့ လည်း ဆိုက်ဂျဲရိုးဘက်ထရီ ကက်ဆက် နှင့် နေ့ သစ်မှာ ခွန်အားအသစ်နှင့် မောင်းနှင် နေကြပြီ။
ဆိုက်ဂျဲရိုး ၊ ဟန်းဒ်ဖုံး ၊ ၉၆၉၃ နှင့် တို့ နိုင်ငံ ဟု တင်စားလိုက်ပါသည်။
ဂျူး ဂျူး လေး ။ ၁၅ - ၁၂ - ၂၀၁၅ ။